ကိုယ်ဝန်ဆောင်ချိန် ခြေလက်ဖောရောင်ခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆောင်မိခင် တော်တော်များများ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာလေး တစ်ခုရှိပါတယ်။ ဒါကတော့ ခြေလက်ဖောရောင်တာပါ။ ဒါ ဘာကြောင့် ဖြစ်ရတာလဲ။ ဘယ်လို လက္ခဏာတွေ ရှိလဲ။ ဘယ်လို အခြေအနေဆို စိုးရိမ်စရာ အခြေအနေလည်း ဆိုတာကို ပြောပြပေးချင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန် ခြေလက်ဖောရောင်ခြင်း ဆိုတာ
ကိုယ်ဝန်ဆောင်ချိန် ခြေလက်တွေ ဖောရောင်တာကို ကိုယ်ဝန်ဆိပ်တက်တယ်လို့ ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ တစ်ရပ်ပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာကြောင့် ခြေလက်တွေ ဖောရောင်နိုင်သလို ကျောက်ကပ်ပျက်စီးတာကြောင့် ဆီးထဲမှာ ပရိုတင်းပမာဏ များနေတဲ့အခါမျိုးမှာလည်း ခြေလက်ဖောရောင်နိုင်ပါတယ်။ ကိုယ်တွင်း အင်္ဂါတစ်ခုခု ပျက်စီးတာကြောင့်လည်း ဖောရောင်တာကို ခံစားရနိုင်ပါတယ်။
များသောအားဖြင့် ကိုယ်ဝန်ဆိပ် တက်တာကြောင့် ဖောရောင်တာကို ကိုယ်ဝန်ဆောင်ကာလ အပတ် ၂၀ မှာ ခံစားရတာ ဖြစ်ပြီး အရင်ကတည်းက သွေးတိုးရောဂါရှိတဲ့ အမျိုးသမီးတွေမှာ ပိုခံစားရနိုင်ပါတယ်။
ကိုယ်ဝန်ဆိပ်တက်တာကို မကုသဘဲ ထားလိုက်မယ်ဆိုရင် သန္ဓေသား သေဆုံးတာလိုမျိုး ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာကို ခံစားရနိုင်သလို မိခင်ရော ရင်သွေးလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
ကိုယ်ဝန်ဆိပ်တက်တာကြောင့် ကလေးကို Due Date မတိုင်ခင် မွေးဖွားရတာမျိုး ဖြစ်နိုင်သလို ကိုယ်ဝန်ဆိပ်တက်တာ ပြင်းထန်ရင် ပြင်းထန်သလောက် ကလေးက Due Date ထက် စောစောမွေးဖွားရတတ်ပါတယ်။ ကလေးမမွေးဖွားခင်မှာ သွေးပေါင်ချိန် တိုင်းတာ၊ လိုအပ်တဲ့ စောင့်ကြည့် စစ်ဆေးမှုတွေ လုပ်ဆောင်တာ ကုသမှုခံယူတာနဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းတာတွေ လုပ်ဆောင် ရပါတယ်။
ကိုယ်ဝန်ဆိပ်တက်တာက ကလေးမွေးဖွားပြီးချိန်မှာလည်း ခံစားရနိုင်ပါတယ်။ ဒါကို မီးဖွားပြီးချိန် ကိုယ်ဝန်ဆိပ်တက်ခြင်းလို့ ခေါ်ပါတယ်။
ဘယ်လိုလက္ခဏာရှိလဲ
ကိုယ်ဝန်ဆိပ်တက်တာက သွေးတိုးတာပါ။ သွေးတိုးတာနဲ့အတူ လက္ခဏာတွေက
- ဆီးထဲမှာ ပရိုတင်းများမယ် သို့မဟုတ် ကျောက်ကပ်ရောဂါ လက္ခဏာ တစ်ခုခုပြပါမယ်
- သွေးဥမွှား ထုတ်လုပ်မှု ကျဆင်းသွားမယ်
- အသည်းထိခိုက်နေပြီဆိုတာ ဖော်ပြတဲ့ အသည်းအင်ဇိုင်းတွေထွက်မယ်
- ခေါင်းပြင်းပြင်းထန်ထန် ကိုက်မယ်
- အမြင်အာရုံတွေ ဝေဝါးမယ်။ ယာယီ အမြင်ဆုံးရှုံးမယ်။ အလင်းမခံနိုင်ဖြစ်မယ်
- အဆုတ်ထဲမှာရေရှိနေတာကြောင့် အသက်ရှူတာ မမှန်တာမျိုး ဖြစ်မယ်
- ဗိုက်ထဲက နာမယ် အထူးသဖြင့် ဝမ်းဗိုက် အထက်ပိုင်း နဲ့ ညာဘက်နံရိုးတွေ အောက်ဖက်နားပါ
- မအီမသာဖြစ်မယ်။ အော့အန်မယ်
- ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် တက်တာက ပုံမှန်ပဲဆိုပေမယ့် ရုတ်တရက် ကိုယ်အလေးချိန် တက်တာ၊ မျက်နှာနဲ့လက်တွေ ဖောင်းအစ်နေမယ်ဆိုရင် ကိုယ်ဝန်ဆိပ် တက်နေတာပါ။
ပြင်းထန်မယ်ဆိုရင်
- သွေးပေါင်ချိန်က အရေးပေါ်အခြေအနေလို့ သတ်မှတ်ရမယ့်160/110 mmHg နဲ့အထက် ဖြစ်မယ်
- ကျောက်ကပ် နဲ့ အသည်း လုပ်ဆောင်နိုင်စွမ်း ကျလာမယ်
- အဆုတ်ထဲမှာ ရေတွေဖြစ်မယ်
- သွေးဥမွှား အရေအတွက် နည်းလာမယ်
- ဆီသွားနည်းလာမယ်။
ဘယ်အခြေအနေဆို ဆရာဝန်ပြမလဲ
ကိုယ်ဝန်ကို ရက်ချိန်း မှန်မှန်ပြပါ။ ဒါမှ ကျန်းမာရေး စောင့်ရှောက်သူက သွေးပေါင်ချိန်ကို ပုံမှန် တိုင်းတာ စစ်ဆေးနိုင်မှာပါ။
- ပြင်းပြင်းထန်ထန် ခေါင်းကိုက်မယ်။
- အမြင်အာရုံတွေ ဝါးလာမယ်။
- ဗိုက်ထဲက နာမယ်။
- အသက်ရှူတာ ပြတ်တောင်းတောင်း ဖြစ်လာမယ်ဆိုရင် ဆရာဝန်နဲ့ပြသဖို့ လိုပါမယ်။
အဖြစ်များလား
ကိုယ်ဝန်ဆိပ်တက်တာက တစ်ကမ္ဘာလုံးက ကိုယ်ဝန်ဆောင်မိခင်တွေ ၈ ဦးလောက်ခံစားနေရပါတယ်။
ဘယ်သူတွေမှာ အဖြစ်များလဲ
ကိုယ်ဝန်ဆောင်နေပေမယ့်
- သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ဆီးချို ဖြစ်ဖူးသူတွေ
- အမြွှာကိုယ်ဝန်ဆောင်ထားရတ
- မျိုးရိုးရှိတာ
- Autoimmune ရောဂါ တစ်ခုခု ခံစားနေရတာ
- အဝလွန်နေတာတွေပါ။
ရင်သွေးလေးကို ဘယ်လိုထိခိုက်စေနိုင်လဲ
ကိုယ်ဝန်ဆိပ်တက်တဲ့အခါ လမစေ့ဘဲ မွေးဖွားတာဖြစ်စေပါတယ်။ လမစေ့ဘဲ မွေးဖွားတဲ့ ကလေးလေးတွေမှာ ပေါင်မပြည့်တာနဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ခြေ ပုံမှန်ထက်ပိုများနေပါတယ်။
ရေးသားသူ - မွန်မွန်